ကိုယ်ဝန်ဆောင်ချိန် အိပ်ရေးပျက်ရင် ကလေးထိခိုက်မှာလား
ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ကျန်းမာမှ ကလေးက ကျန်းမာမှာပါ။ ဒီတော့ ကိုယ်ဝန်ရှိတယ်လို့ သိပြီဆိုတာနဲ့ မိခင်က အနေအထိုင် အစားအသောက် အရာရာကို ဂရုစိုက်ရတော့တာပေါ့။ ဒီလို ဂရုစိုက်ရာမှာ ချန်ထားခဲ့လို့ မရတဲ့ အချက်တစ်ခုက အိပ်ရေးဝအောင် အိပ်ဖို့ပါ။
ကိုယ်ဝန်ဆောင်ချိန်က စားသောက်မှုပုံစံ ၊ ကိုယ်လက်လှုပ်ရှားမှု နဲ့ အိပ်စက်မှုပုံစံတွေက ကြီးကြီးမားမား ပြောင်းလဲကြပါတယ်။ ခန္ဓာကိုယ် ပြောင်းလဲမှုတွေနဲ့အတူ အနာဂတ်မှာ ပြောင်းလဲလာမယ့် စိတ်ပိုင်းဆိုင်ရာ နဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေအတွက် ကြိုတင် ပြင်ဆင်ရသလို အိပ်စက်မှုပြောင်းလဲမှုတွေ ဖြစ်လာမှာကလည်း မလွဲမသွေပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ အချိန်နဲ့အမျှ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတာကြောင့် အိပ်ရေးဝဝ အိပ်ဖို့က ခက်ခဲလှပါတယ်။ နောက်တစ်ခုက ကိုယ်ဝန်ဆောင်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာမှာ ပြောင်းလဲမှုတွေ ရှိလာတာကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်ပြီး ကောင်းကောင်းအိပ်ပျော်ဖို့ ခက်တာမျိုးတွေ ရှိနိုင်ပါတယ်။ တကယ်ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်တာက မကောင်းပါဘူး။ မိခင်ရော မွေးဖွားလာမယ့် ရင်သွေးလေးကိုပါ ထိခိုက်စေနိုင်လို့ပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဆောင် တော်တော်များများက ယာယီအားဖြင့်တော့ အိပ်ရေးပျက်တာကို ခံစားကြရပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အိပ်စက်မှုပုံစံက ကိုယ်ဝန်ဆောင် နောက်ဆက်တွဲပြဿနာတွေကို ဖြစ်စေနိုင်သလို ဗိုက်ထဲက ရင်သွေးလေးရဲ့ ဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးမဝတာ မိခင်မှရော ကလေးမှာပါ ထိခိုက်စေနိုင်ပါတယ်။ အိပ်ရေးပျက်တာ များလာတဲ့အခါ မိခင်မှာ သွေးတိုး၊ ကိုယ်ဝန်ဆောင် ဆီးချိုလိုမျိုး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်သလို ကိုယ်ဝန်ဆိပ်တက်တာကိုလည်း ခံစားရနိုင်ပါသေးတယ်။
ကိုယ်ဝန်ဆိပ်တက်တာက ကိုယ်ဝန်ဆောင်မိခင်မှာ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်စေပြီး ပြင်းထန်မယ်ဆိုရင် မိခင်ရော ကလေးပါ သေဆုံးနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်တာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး သွေးကြောတွေထဲက သွေးစီးဆင်းမှုအပေါ်မှာ သက်ရောက်ပြီး သွေးပေါင်ချိန်ကို တိုးစေနိုင်ပါတယ်။ ဒီလိုဖြစ်တာရဲ့ နောက်ဆက်တွဲက နှလုံးက သွေးညှစ်ထုတ်နိုင်တဲ့ ပမာဏ ကျဆင်းသွားပြီး အချင်းကနေ ကလေးဆီကို သွေးစီးဆင်းရောက်ရှိမှု နည်းသွားပြီး ကလေးရဲ့ ကြီးထွားမှုကို ထိခိုက်စေနိုင်ပါတယ်။
ကလေးဆီကို အောက်ဆီဂျင်နဲ့ သွေးရောက်ရှိမှု နည်းတာက ကလေးကြီးထွားမှုကို ထိခိုက်စေနိုင်သလို လမစေ့ဘဲ မွေးဖွားတာ၊ ကလေး အသေမွေးတာတွေကို ဖြစ်စေနိုင်ပါတယ်။
နောက်တစ်ချက်က ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်တာက ကလေးမှာ ပေါင်မပြည့်တာကို ခံစားရနိုင်သလို ကျန်းမာတဲ့ ကလေးလေး မွေးဖွားဖို့လည်း ခက်စေမှာပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန် အိပ်စက်ချိန် ၈ နာရီ ရှိသင့်ပြီး အိပ်စက်ချိန် ၆ နာရီထက် နည်းတဲ့ မေမေတွေက မီးဖွားချိန် ကြာမြင့်နိုင်သလို ကလေးက မလိုအပ်ဘဲ အသက်သေဆုံးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အိပ်ရေးပျက်တာ များတဲ့ မေမေတွေက ရိုးရိုးမွေးဖို့ ခက်ခဲတတ်ပြီး ခွဲမွေးရနိုင်ခြေ အတော်လေး များပါတယ်။
ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ အိပ်မပျော်တာမျိုး ဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ဖို့ လိုပါမယ်။ နောက်တစ်ခုက ကိုယ်အလေးချိန် ထိန်းတာ၊ လမ်းလျှောက်တာလိုမျိုး သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းလေးတွေ လုပ်ပေးတာ၊ အာဟာရမျှတအောင် စားသုံးတာ၊ ရေကို လုံလုံလောက်လောက် သောက်သုံးတာတွေကလည်း ကိုယ်ဝန်ဆောင်မိခင်ကို ကောင်းကောင်း အိပ်ပျော်နိုင်ဖို့ ထောက်ကူပေးမှာပါ။
မွန်မွန်